International News

အိန္ဒိယနိုင်ငံတွင် နနွင်းဈေးနှုန်းမြင့်တက်

Last Updated:

အိန္ဒိယနိုင်ငံတွင် ဧပြီလနှင့်မေလ နနွင်းစိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုမညီညာမှုကြောင့် နနွင်းအထွက်နှုန်းကို ထိခိုက်စေပြီး၊ စိုက်ပျိုးချိန်နောက်ကျသည့်အတွက် နနွင်းဈေးနှုန်းများကို မြင့်တက်စေခဲ့ကြောင်း အိန္ဒိယကုန်သည်များက ပြောကြားခဲ့သည်။

ဂျီရာ(ကူမင်စေ့)၊ ခရမ်းချဉ်သီးနှင့် ပဲတီစိမ်းဈေးနှုန်းများမြင့်တက်ခဲ့ပြီးနောက် ယခုအခါ နနွင်းဈေးနှုန်းများ အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သော သုံးလတာကာလအတွင်း အိန္ဒိယနိုင်ငံရှိ ဟင်းခတ်အမွှေးအကြိုင်များ၏ဈေးနှုန်းများ နှစ်ဆမြင့်တက်ခဲ့ကြောင်း Financial Express သတင်းဌာနက ယခုလ ၂၉ ရက်က ဖော်ပြခဲ့သည်။

မဟာရာ့ရှထရာ(Maharashtra)ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသော နနွင်းလက်ကားဈေးနှုန်းမှာ ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၁၄၀၀၀ ရှိပြီး၊ တီလန်ဂါနာ(Telangana)နှင့် တမီနာဒူ(Tamil Nadu)ပြည်နယ်တို့တွင် ပြီးခဲ့သည့်ဧပြီလက နနွင်းလက်ကားဈေးနှုန်းမှာ ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၇၀၀၀ ရှိခဲ့ကြောင်း သိရသည်။

NCDEX အွန်လိုင်းကုန်စည်ဈေးကွက်တွင် နနွင်း၏လက်ငင်းဈေးနှုန်း(spot price)ကို ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၁၂၉၀၄ နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လွှဲပြောင်းပေးရန် သတ်မှတ်ထားသော နနွင်း၏အနာဂတ်ဈေးနှုန်း(futures price)မှာ ၁ တန်လျှင် ရူပီး ၁၆၀၈၂ ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ရာသီမဟုတ်မိုးရွာသွန်းခြင်းကြောင့် တောင်သူများ သီးနှံရိတ်သိမ်းမှုအပေါ် အကျိုးသက်ရောက်မှုများရှိခဲ့သလို၊ ယခုနှစ်တွင် စိုက်ပျိုးချိန်နောက်ကျခဲ့သည့်အတွက် နနွင်းထုတ်လုပ်မှုအပေါ် ထိခိုက်စေခဲ့သည်ဟု နနွင်းကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ဧပြီလနှင့် မေလတွင် ရွာသွန်းခဲ့သောမိုးကြောင့် သီးနှံများစိုစွတ်မှုမြင့်မားခဲ့ပြီး ခြောက်သွေ့ရန်အချိန် မလုံလောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မဟာရာ့ရှထရာ(Maharashtra)ပြည်နယ်တွင် တစ်အိတ်လျှင် ၅၀ ကီလိုဂရမ်ပါ နနွင်းအိတ်ပေါင်း ၇ သိန်းနှင့် ၈ သိန်းခန့်ကို ထိခိုက်စေခဲ့ပြီး၊ အလေးချိန်အားဖြင့် တန်ချိန် ၃၅၀၀၀ မှ ၄၀၀၀၀ တန်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် သီးနှံရာသီအနည်းငယ်အတွင်း နနွင်းစိုက်တောင်သူတစ်ချို့က အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးခဲ့သည့်အတွက် နနွင်းအထွက်နည်းခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်း အထွက်နှုန်းနည်းပါးမည်ဟု နနွင်းကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် နနွင်းဈေးနှုန်းများမြင့်မားလာမည်ဟူသော ခန့်မှန်းချက်ဖြင့် ကုန်သည်များနှင့် တောင်သူတစ်ချို့က နနွင်းကို လက်ဝယ်သိုလှောင်ထားခြင်းမျိုးရှိသည်ဟုဆိုသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ နနွင်းထွက်ရှိမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းလျော့နည်းမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံရာသီ(ဇူလိုင်လမှ ဇွန်လအထိ)တွင် နနွင်းထုတ်လုပ်မှု တန်ချိန် ၁ ဒဿမ ၁၆ သန်းရှိကာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တန်ချိန်  ၁ ဒဿမ ၂၂ သန်းရှိခဲ့သည့်အတွက် ၅ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု အိန္ဒိယနိုင်ငံ ဟင်းခတ်အမွှေးအကြိုင်ဘုတ်အဖွဲ့က ခန့်မှန်းထားသည်။ ယခုနှစ်တွင် နနွင်း စိုက်ဧကမှာ မဟာရာ့ရှထရာ(Maharashtra)၊ တမီနာဒူ(Tamil Nadu)၊ အန်ဒရာပရာဒတ်(Andhra Pradesh)နှင့် တီလန်ဂါနာ(Telangana)ပြည်နယ်တို့တွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိမည်ဟု အဆိုပါဘုတ်အဖွဲ့က ခန့်မှန်းထားသည်။

ပို့ကုန်ဈေးနှုန်းများမြင့်တက်ကာ ပြည်တွင်းစားသုံးမှုမြင့်တက်လာခြင်းကလည်း ပြည်တွင်းထုတ်လုပ်ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှုများရှိသည်ဟု အိန္ဒိယတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ နနွင်းတင်ပို့ရောင်းချမှု ၀ ဒဿမ ၁၇ မက်ထရစ်တန်သို့ မြင့်တက်ခဲ့ပြီး၊ ယခင်ဘဏ္ဍာနှစ်ကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

နနွင်းကို မုတ်သုံမိုးရာသီဝင်ရောက်သည်နှင့် စတင်စိုက်ပျိုးကြပြီး၊ ဩဂုတ်လအထိ တိုးချဲ့စိုက်ပျိုးကာ မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်းမှုပြုကြကြောင်း သိရသည်။ နနွင်းအဓိကထုတ်လုပ်သော ပြည်နယ်များမှာ တီလန်ဂါနာ၊ မဟာရာ့ရှထရာ၊ ကာနာတာကာ၊ တမီနာဒူနှင့် အန်ဒရာပရာဒတ်ပြည်နယ်တို့ ဖြစ်ကြသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးသော နနွင်းထုတ်လုပ်၊ စားသုံး၊ တင်ပို့ရောင်းချသည့်နိုင်ငံတစ်ခုဖြစ်ပြီး၊ နနွင်း ၈၀ ရာခိုင်နှုန်းကို နှစ်စဉ်ထုတ်လုပ်တင်ပို့ရောင်းချလျက်ရှိကာ ၎င်း၏နောက်တွင် တရုတ်နိုင်ငံ(၈ ရာခိုင်နှုန်း)၊ မြန်မာနိုင်ငံ(၄ ရာခိုင်နှုန်း)၊ နိုင်ဂျီးရီးယားနိုင်ငံ(၃ ရာခိုင် နှုန်း)နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ(၃ ရာခိုင်နှုန်း) အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

နနွင်းသည် ဟင်းချက်ရာတွင် မပါမဖြစ်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး၊ ဆေးဖက်ဝင် အမယ်တစ်မျိုးလည်းဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင်လည်း နနွင်းကို စိုက်ပျိုး၊ ထုတ်လုပ်စားသုံးလျက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့ရောင်းချမှုရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဈေးကွက်အရ ယှဉ်ပြိုင်နိုင်ခြင်းမရှိစေကာမူ တရုတ်နိုင်ငံပြီးလျှင် တတိယထုတ်လုပ်တင်ပို့မှုအများဆုံးဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ပြည်တွင်းစားသုံးမှုဖူလုံစေရန် ပြည်ပတင်ပို့မှုလျှော့ချခြင်းနှင့် အိမ်နီးချင်းများထံမှ ပိုမိုဝယ်ယူတင်သွင်းမှုမျိုးရှိလာနိုင်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော နနွင်းစိုက်ပျိုးထုတ်လုပ်၊ တင်ပို့မှုအခြေအနေ၊ ပြည်တွင်းဈေးနှုန်းမြင့်တက်လာမှုအခြေအနေကို သိရှိနိုင်ရန် တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

Financial Express၊ “After tomato, now turmeric turns red”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News